မှတ်တိုင်
5 comments
2017 June 27 မှာ စတင်ခဲ့သည့် Hive ခရီးလမ်းက 8 နှစ်ပင် ပြည့်လို့ သွားခဲ့ပြီ။ အမှတ်တရတွေကတော့ အများကြီးပဲ။ တခုစီကိုသာ ပြောနေရမယ်ဆို အခန်းဆက် ပိုစ့် အရှည်ကြီး ဖြစ်သွားနိုင်၏။ ထို့ကြောင့် အမှတ်ရစရာတွေအစား ကိုယ့်အကြောင်းကိုယ်သာ အနည်းငယ် ပြောခွင့်ပြုပါကုန်။
8 နှစ်တာ ကာလထဲ ပိုစ့်တင် ပျက်ကွက်ခဲ့တာ အတော်လေး နည်း၏။ တရက်တလေ ပျက်ကွက်တာမျိုးကတော့ များပေမယ့် ရက်ရှည်ပျက်ကွက်တာမျိုးကတော့ အတော်လေး နည်း၏။ Hive ကို နေ့စဉ် ဒိုင်ယာရီအလား သုံးဖြစ်ခဲ့၏။ ဒိုင်ယာရီ ရေးလေ့ မရှိပေမယ့်လည်း Hive မှာ ကိုယ့် နေ့စဉ်ဘဝ၊ ကိုယ့် စိတ်ခံစားချက်၊ ကိုယ့် ဖြစ်တည်မှု တော်တော်များများကို ရင်ဖွင့်ခဲ့ဖူး၏။ ကိုယ့် စိတ်ကူးယဉ်မှုတွေကောပေါ့။
Hive သို့ မပြောင်းခင် Steemit မှာတုန်းက ပိုစ့်တွေကို 100% power up အနေနဲ့ default ထားခဲ့၏။ ထိုစဉ်က စာသင်ပေးနေချိန်၊ ပြီး ကျူရှင်ဆရာ ပေါက်စဆိုတော့ စာသင် အလုပ်နဲ့တင် တကိုယ်ရေစာ လုံလောက်သည့်အပြင် အိမ်ကိုလည်း အထိုက်အလျောက် ပြန်ကြည့်ပေးနိုင်ခဲ့၏။
(24 ရက်နေ့က)
(ဒါက 25 ရက်နေ့)
Steemit ကနေ Hive ပြောင်းချိန်မှာတော့ အခြေအနေတွေက သိပ်မတူတော့ပေ။ COVID-19 ကြောင့် စာသင် အလုပ်ကို နားလိုက်ရ၏။ Online learning ကို ကျနော် မကူးပြောင်း ဖြစ်လိုက်ပေ။ ဤသည်ကား ကျနော့်ဘဝရဲ့ အမှားတွေထဲက အမှားတခု ဖြစ်ချေ၏။ ငဗစ် အပြီးမှာ ငစစ်ပါ ထပ်လာခဲ့တော့ ပိုလို့ပင် ဆိုးသွားခဲ့၏။ စာပြန် မသင်ဖြစ်တော့တာ ခုထိပင်။
တခြားဟာ လုပ်ဖို့ တွေးထားရင်း Hive မှာ ပိုစ့်တွေ တောက်လျောက် တင်ခဲ့၏။ Steemit တုန်းကလို 100% power up မထားနိုင်တော့ဘဲ 50%/ 50% သာ ထားနိုင်တော့၏။ သို့ပေမယ့် မည်မျှ အခြေအနေ ဆိုးဆိုး power down ခဲ့ရတာ မျိုး မရှိခဲ့ပေ။ Down ဖို့လည်း စိတ်ကူး မရှိပေ။ Hive platform ရှင်သန်နေသရွေ့ အရင်ကော ခုကော နောင်ကော ဘယ်သော အခါမှ power down ဖြစ်မည် မဟုတ်ပေ။
ဒီကာလမှာ freelance content writer အဖြစ် ပိုစ့်လေးတွေ ရေးရင်း Hive မှာ ချထားခဲ့သည့် မျိုးစေ့ အလေ့အကျင့်လေးကို ပျိုးထောင် ဖြစ်၏။ Content writer အကြီးတွေလို ဝင်ငွေ ပုံသေ၊ များများ မရှိသေးပေမယ့် တချိန်ဆိုသည့် စိတ်ကူး ရည်မှန်းချက်နဲ့တော့ ခရီးဆက်နေပါ၏။
စာ ပြန် မသင်ဖြစ်ခဲ့ရင်တော့ Digital marketing & Content creating ဘက် လုပ်ကြည့်မယ်ဟု တွေးထား၏။ စာရေး စရာနဲ့ content writer မတူပေ။ ကိုယ့်ကို အဓိပ္ပာယ် ဖွင့်ရသော် ကျနော်က ကြားသမား ဖြစ်၏။ စာရေးဆရာ content writer ဟု ခေါ်ရပေလိမ့်မည်။
မည်သို့ပင် ဆိုစေ ခု Hive မှာ အချိန် တခု၊ အနေအထား သေးသေးလေးတခု ရှိလာနေပြီ ဖြစ်၏။ အရှိန်လည်း ရလာနေပြီမို့ ဆက်လျှောက်ဖို့ စိတ်ကူးထား၏။ Steemit က စခဲ့သည့် ဇာတ်လမ်း Hive မှာ ရှည်ကြာလို့ တခြား ကွန်ယက်တွေအထိ ဖြန့်ကျက်ဖို့ စိတ်ကူးထားပါ၏။ 25.7.2025 ဆိုသည့် ရက်လေးကိုတော့ မှတ်ထားချက်ပါ၏။ နည်းသည် ဆိုပေမယ့် Hive power ထောင်ပြည့် ဂဏန်းလေး ဖြစ်သွားသည့် ရက်မို့ပါ။ အားလုံးပဲ Hive ခရီးလမ်းမှာ အကောင်းဆုံး လျှောက်လှမ်း နိုင်ကြပါစေ။
Comments