Waivio

ငါးအုံတုံပေါင်း

1 comment

htwegyi3 days ago2 min read

အစားကောင်း စားရရင် ကိုယ်ချစ်တဲ့သူကို
သတိရတယ်။ အစားကောင်းဆိုတာကလည်း
ဈေးတန်ပေ့၊ ကောင်းပေ့ ဆိုတာထက်
ကိုယ်ဗိုက်ဆာနေတဲ့အချိန်မှာ စားလိုက်ရသည်က
အစာကောင်း၊ ဟင်းကောင်းဟုခေါ်ရမည်။
ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း ဆိုတဲစကား
ကလည်း ရှိပေသမို့။ တနေ့က တူမတို့ ဇနီးမောင်နှံ
သည် မန္တလေးမြို့အနောက်ပြင်ရှိ မြစ်ဆိပ်အရပ်
မှာရှိသော ငါးဈေးသို့ သွားကြသည်။

ငါးဈေးမှ ငါးအုံတုံတကောင် ဝယ်လာသည်။
ထိုငါးကို စောင်းလျှားသီး (စောင်းခါးသီး) အဘယ်သို့
ခေါ်သည်မသိသော အသီးဖြင့် ချက်စားသည်။
စောင်းလျှားသီးကို စစ်ကိုင်းမှ ခူးယူခဲ့သည်။
ထိုအသီးကို ပထမ စ ၍ စားသည့်အခါ ကျွန်တော်
သည် အသီးအဝါ‌ရောင်သန်းမှ စားရမည်ဟု
ထင်ကာ အသီးများဝါအောင် ထားခဲ့သည်။
အမှန်က စောင်းလျှားသီးကို အစိမ်းရောင်မှာပင်
ချက်စား၊ သုပ်စား၍ရသည်။ ယခုတော့ အဝါရောင်အထိ
ထားမိ၍ စောင်းလျှားသီး က မချဉ်ဘဲ၊ ချို‌၍နေသည်။

ကျွန်တော့်အမ က ငါးအုံတုံနဲ့ စောင်းလျှားသီး
များကို ပေါင်းအိုးဖြင့် ပေါင်းခြင်းဖြစ်သည်။
သူမ လုပ်ကိုင် ဆောင်ရွက်နေသည်ကို ကျွန်တော်
က ဘေးမှ ဖုန်းတလုံးဖြင့် ဓာတ်ဖမ်းကာ ပို့စ်ရရေး
လုံးပန်းသည်။ အမကလည်း သူ့ငါးနဲ့ သူ့စောင်းလျှားသီး
များနဲ့ အလုပ်ရှုပ်နေသည်။ ပထမဦးစွာ
စောင်းလျှားသီးများကို ရေ ဆေး၍ အနေတော်
အတုံးလေးများလှီးသည်။ ထို လှီးထားသော
အတုံးလေးများကို ပေါင်းအိုးအောက်ခြေမှာ
ညီညာစွာ ဖျန့်ခင်းထားသည်။

ထိုနောက်တဖန် ငါးအုံတုံ အတုံးများကို ဂျင်း၊ ကြက်သွန်ဖြူထောင်း၊ ဆား၊ ဆနွင်း၊ ခနောကြက်သားမှုန့်၊ ငံပြာရည်၊ အချိုမှုန့်နှင့် ငရုပ်သီး
အပွထောင်းများထည့်သည်။ ပြီးနောက်
ငါးတုံးများနှင့် ထိုအနှစ်များကို သမအောင်
လက်ဖြင့် ဆုပ်နယ်ကာ ခဏနှပ်ထားသည်။
ပြီးမှ ထိုနယ်ပြီးသော ငါးတုံးများကို စောစောက
ပေါင်းအိုးအတွင်း ခင်းထားသော စောင်းလျှားသီး
များပေါ်သို့ ဖျန့်တင်လိုက်သည်။ ဆီအနည်းငယ်နှင့်
ရေထည့်ကာ ပေါင်းထားလိုက်သည်။

နာရီဝက်ခန့်အကြာမှာ ငါးပေါင်းနံ့က မွှေးလာသည်။
အမေက ဟဲ့ ဘာအနံ့လည်းမသိဘူး မွှေးသဟေ့။
အဲ့တာ အမေ့သမီး ငါးပေါင်းနံ့ဟုပြောလိုက်သည်။

"ဟဲ့ ချက်ပြီးရင် ငါ့ကို ကျွေးအုံး"

"ကျွေးမှာပေါ့ အမေကလည်း ဘယ်နှတုံးစားမှာလဲ"

"အများကြီး မစားနိုင်ပါဘူးအေ။ တဖဲ့လောက်ဆို
ရပါပြီ"

"တဖဲ့ မကပါဘူး၊ တတုံးကို ကျွေးမှာ"

အမေနဲ့ အမ အချီ အချပြောနေကြသည်။
ငါးပေါင်းကျက်သည့်အခါမှာ ဟင်းအိုးကို ဖုန်းဖြင့်
ဓာတ်ပုံ မရိုက်လိုက်မိပေ။ စားကောင်းကောင်းနဲ့
စားလိုက်သည့်အတွက် ဟင်းအိုးမှ ကျန်နေသာ
ငါးတုံးများကိုသာ သတိရ၍ ရိုက်လိုက်ရသည်။
ကျွန်တော်က အမြဲတမ်းထိုသို့ဖြစ်တတ်သည်။
အစားအသောက်ပုံများ ရိုက်မည်ဆိုပါလျှင် အစမှာ
ရိုက်ပြီးသကာလ၊ အဆုံးမသတ်နိုင်ဖြစ်ရသည်။

ငါးအုံတုံပေါင်းက ငါးသလောက်ပေါင်းနှင့် အရသာ
ဆင်ဆင်တူသည်။ ငါးရိုးက ငါးသလောက် လောက်
မများပေ။ ထမင်းချက်သော ပေါင်းအိုးဖြင့် ပေါင်း
၍ ငါးရိုးများက မနူးပေ။ သို့ပေသိ ငါးအုံတုံက
အရိုးမများသဖြင့် စား၍ အဆင်ပြေသည်။
အောက်ခံ စောင်းလျှားသီးတုံးလေးများက
တူးပြီးမွှေးကာ စား၍ကောင်းသည်။ ငါးတုံး
များကလည်း နူးအိကာ ပို၍ စားကောင်းပေသည်။

@htwegyi
November 21, 2025

Comments

Sort byBest